တောင်ကုတ်မြို့ရှိ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

တောင်ကုတ်   ဇူလိုင် ၂၄

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ရှိ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၏စားသောက်ရေးအဆင်ပြေစေရန်နှင့်မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် တောင်ကုတ်တပ်နယ်မှ တပ်မတော်သားများနှင့် တာဝန်ရှိသူများက  ယနေ့နံနက်(၇)နာရီခွဲအချိန် မြို့နယ်ခန်းမရှေ့၌ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်များနှင့်တပ်မတော်စက်ရုံများနှင့်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့်စည်သွတ်ဘူးများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများကတစ်ခဲနက်ဝယ်ယူအားပေးကြကြောင်းသိရသည်။

အဆိုပါ ဈေးရောင်းချရာသို့ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး တို့က ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်