တောင်သာ ဇူလိုင် ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာ၏ပကတိလိုအပ်ချက်များကို ကျေးရွာ လူထုကိုယ်တိုင်ဖော်ထုတ်ပြီး ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးရွာ(၁၀)ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာအနက် ကျောက်ဆောက်ကျေးရွာနှင့် ရွှေပြည်တော်ကျေးရွာသို့ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျေးရွာအသီးသီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကျောက်ဆောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ပြုလုပ်ရာ စီမံကိန်း နောက်ခံအကြောင်းအရာ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များအကြောင်း မိတ်ဆက်ရှင်းလင်းခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ကော်မတီဝင်အမျိုးသားဦးရေ ၈ ဦး၊ အမျိုးသမီးဦးရေ ၃ ဦး၊ စုစုပေါင်း ၁၁ ဦး ရွေးချယ်ပေးခဲ့ပြီး အလားတူ ရွှေပြည်တော်ကျေးရွာ ပန်းတောကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကော်မတီဖွဲ့စည်းရာ၌ အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦးဖြင့် စုစုပေါင်း ကော်မတီဝင် ၇ ဦးကို အများဆန္ဒသဘောထားဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်၌ အဆိုပါစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ်အတွင်း ရွာသာလေး၊ ကျောက္ကာတောင်ကုန်း၊ ဆီမီးကန်တောင်ကုန်း၊ ရေခါး၊ ရွှေပြည်တော်၊ အလယ်ချိုင့်မြောက်၊ ကျောက်ဆောက်၊ ကြည်အိုင်ကန်တောတိုက်၊ အိုးဖိုနှင့်ကျောက်ရင်းကျေးရွာ စသည့်ကျေးရွာ (၁၀)ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ယင်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း ၆၃ ရွာထိ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောပြသည်။
ကျော်မျိုးနိုင်(တောင်သာ)