ကျောက်ပန်းတောင်းမြို့နယ် ၆၆/၁၁ကေဗွီ ၅ အမ်ဗွီအေ သရက်တောဓာတ်အားခွဲရုံအတွက် ၆၆ ကေဗွီအေ ဓာတ်အားလိုင်းဆွဲခြင်း အပြီးသတ်လုပ်ငန်းများဆောင်ရွက်

ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ၆၆/၁၁ကေဗွီ ၅ အမ်ဗွီအေ သရက်တောဓာတ်အားခွဲရုံအတွက်  ၆၆ ကေဗွီအေဓာတ်အားလိုင်း ၄ဒသမ၂ မိုင်ဆွဲခြင်းကို၊ အောက်တိုဘာ(၁၃)ရက်နေ့ မွန်းလွဲ(၁၂)နာရီတွင် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ သရက်တောဓာတ်အားခွဲရုံ အနီးဝန်းကျင်မှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲကြမည့် ကျေးရွာ (၅၆) ရွာခန့်အား လျှပ်စစ်ဓာတ်အား လျှင်မြန်စွာအသုံးပြုနိုင်စေရန်အတွက်၊ သရက်တောဓာတ်အားခွဲရုံအဝင် ၆၆ ကေဗွီဓာတ်အားလိုင်း(၄ ဒသမ ၂)မိုင် အသစ်တည်ဆောက်ခြင်းလုပ်ငန်းတွင် ကျန်ရှိနေသော ၆၆ကေဗွီ Line D/S နှင့် 66 KV Tap off ရယူခြင်းလုပ်ငန်းကို အပြီးသတ်ဆောင်ရွက်ခဲ့ကြရာ၊ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယခရိုင်လျှပ်စစ်မန်နေဂျာ ဦးသန့်ဇော်ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်မိုးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)