ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား

ဖားကန့် ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဆိပ်မူကျေးရွာတွင် ဇူလိုင်(၂၃)ရက် ည (၉)နာရီခန့်က လူနေအိမ်(၃)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိပ်မူကျေးရွာအုပ်စု၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သော အသက် (၅၀) နှစ်အရွယ် ဒေါ်ဘောက်နန်(ခ) နန်းလုသည် မုန့်ဟင်းခါးအိုး တည်ထားသော မီးဖိုဘေးတွင် ဓါတ်ဆီပုံးထဲမှ ဘူးထဲသို့ထည့်ရန် ဓါတ်ဆီဖလှယ်ရာမှ တစ်ဆင့် မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် (၁၈ ပေ x ၁၈ ပေ) သွပ်မိုးထရံကာ မြေစိုက်(၁)ထပ် အဆောက် အဦး တစ်လုံး၊ (၁၈ ပေ x ၉ ပေ) သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း (၂)ထပ် အဆောက်အဦးတွင် (၅၀)ရာခိုင်နှုန်းနှင့် (၁၈ ပေ x ၁၈ ပေ) သွပ်မိုးသွပ်ကာ ပျဉ်ခင်း (၂)ထပ် အဆောက်အဦးတွင် (၅၀)ရာခိုင်နှုန်းတို့ ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

၎င်းဖြစ်စဉ်နေရာသို့ ဆိပ်မူမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၃)ဦးက မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေယာဉ် (၁)စီးနှင့် ရတနာအဓိပတိ ကုမ္ပဏီမှ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)