အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဗန်းမော် ဇူလိုင် ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် မံရေးစံပြ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်းက အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို ကျေးလက်နေအတွင်းရှိ အမျိုးသမီးငယ်များမှ စက်ချုပ်ဒီဇိုင်းနာကောင်းများ ပေါ်ထွက်လာစေရန်၊ ကျေးလက်နေ အမျိုးသမီးများမှ စက်ချုပ်နည်းပညာကို အသုံးပြု၍ အထည်များကို ဒီဇိုင်းလှပ ခေတ်မီစွာဖန်တီး၍  ဈေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ ကျေးလက်နေအမျိုးသမီးများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုူး ဦးဝင်းကိုက စီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်း၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၊ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းသူများအနေဖြင့် သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်သင်ယူကြရန်၊ နားမလည်သည့်ဘာသာရပ်များကို နည်းပြများအား သေချာစွာမေးမြန်း လေ့လာသင်ယူကြရန် ပြောကြားခဲ့ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက သင်တန်းတွင်အသုံးပြုမည့် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့သည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို  မံရေးစံပြကျေးရွာတွင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုသူ သင်တန်းသူ(၁၅)ဦးအား စက်ချုပ်နည်းပညာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို (၂၄.၇.၂၀၂၃)ရက်နေ့မှ (၂၁.၉.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်ချုပ် နည်းပညာသင်တန်းအား လုပ်ငန်းထူထောင်နိုင်သည် အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေး သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် သင်တန်းသူ (၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်