မိတ္ထီလာ ဇူလိုင် ၂၄
မိတ္ထီလာ၌ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေးကမ်ပိန်းကို ယနေ့နံနက် ၉ နာရီ အချိန်က မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမအနီးနှင့် အ.ထ.က(၄)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပလပ်စတစ်သုံးစွဲမှုကင်းစင်လျော့ကျစေရေး အသိပညာပေး ကမ်ပိန်းကို အ.ထ.က(၄) အရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမအနီးတွင်ပြုလုပ်ရာ လမ်းသွားလမ်းလာပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးသည်။ ဆက်လက်၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲကို အ.ထ.က(၄) ခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြသန်းက အဖွင့်အမှာစကားပြောကြားသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးထက်ဇော်က အဆိုပါ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့စိုးက စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များ ဖြစ်ပေါ်လာစေရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး အ.ထ.က(၄)ကျောင်းအုပ် ဒေါ်ခင်မာချိုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့သည်။ ၎င်းအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအမျိုးသမီးငယ်များအဖွဲ့က စနစ်တကျအမှိုက်စွန့်ပစ်ရေး အသိပညာပေးတေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချမ်းသာ