ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စာရေးဆရာအသင်း နာယကကြီးနှင့် အလှူရှင်များက (လက်ရှိ) စာရေးဆရာအသင်းဝင်များအား ဆန်များလှူဒါန်း

ဒဂုံတောင် အောက်တိုဘာ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် စာရေးဆရာအသင်းက နာယက ဦးသန်းဝင်း နှင့် အလှူရှင်များက ဦးဆောင်၍ ယမန်နေ့က မြို့နယ်အတွင်းရှိ (လက်ရှိ) စာပေရေးသားနေသော စာရေးဆရာအသင်းဝင်များအား ဆန်များလှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ စာရေးဆရာများ အနေဖြင့် မိမိတို့၏ အသင်းဝင် ကတ်ပြားများပြ၍ လှူဒါန်းသော ဆန်များ ထုတ်ယူနိုင်ပြီး ဆန်များထုတ်ယူရာတွင်လည်း ကျန်းမာရေးညွှန်ကြားချက်များနှင့် လူစုလူဝေးမဖြစ်ပေါ်စေရန် စနစ်တကျ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ ဆန်များ ထုတ်ယူရာတွင် မြို့နယ်စာရေးဆရာ အတွင်းရေးမှူး ဦးသက်ဝေ(သက်ဝေမောင်)နေအိမ်တွင် ယာယီရုံးခန်း ဖွင့်လှစ်၍ စနစ်တကျ လာရောက်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။ ထို့နောက် လှူဒါန်းပေးသော နာယကကြီးနှင့် အလှူရှင်များကိုလည်း ကျေးဇူးတင်စကား အသီးသီးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)