ပေါင် ဇူလိုင် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအစည်းအဝေး ကျင်းပခြင်းကို ယနေ့ နေ့လယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်က စားသုံးသူပြည်သူများ အခြေခံစားသောက်ကုန်ကို သက်သာသည့်နှုန်းဖြင့် ရရှိစေရေး၊ ငွေကြေး ဈေးကွက်အား ဈေးကစားပြီး နိုင်ငံရေးအမြတ်ထုတ်မှုများ မလုပ်နိုင်ရေး၊ တိရစ္ဆာန်များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများ အစားထိုးအသုံးပြုနိုင်ရေး ထုတ်လုပ် သုံးစွဲရန် စသည်များကို ကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်ကော်မတီဝင်များက မိမိတို့အနေဖြင့် ပြည်သူများအတွက် ကုန်ဈေးနှုန်းများကို သက်သက်သာသာနှင့် ဝယ်ယူစားသောက်နိုင်ရန်နှင့် စားသောက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စားသောက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ အစည်းအဝေးအရ အပတ်စဉ် စနေနေ့တိုင်းနံနက် (၆း၃၀)နာရီမှ (၇း၃၀)နာရီအထိ ဝက်သား၊ အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဥ စသည်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)