လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုးဖွင့်ပွဲကျင်းပ

လားရှိုး ဇူလိုင် ၂၄

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ လားရှိုးမိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ဦးက သင်တန်းဖွင့်လှစ်မှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းကို ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ဝန်ဆောင်မှုသင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ (ဝန်ဆောင်မှု)သင်တန်းဟူ၍ သင်တန်းသုံးမျိုးဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့ထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်းမြို့များမှ ဟိုတယ်ဆိုင်ရာ ဝန်ထမ်း(၁၂၅)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းများကို ဇူလိုင်လ ၁၅ ရက်နေ့ တွင် တာချီလိတ်မြို့တွင် ဖွင့်လှစ်ပေးခဲ့ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့တွင်လည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)