မိုင်းခုတ်မြို့၏ ကီလိုမာလကာပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မိုင်းခုတ် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ ကီလိုမာလကာပင်များ ကို တစ်ပိုင်တစ်နိုင် စတင်စိုက်ပျိုးလာကြောင်း သိရသည်။

ကီလိုမာလကာပင်များကို ကိုင်းကူးပြီး မြေပြင်မှာစိုက်ပျိုးရကြောင်း၊ တစ်လတစ်ကြိမ် ရွက်စား ဆေးဖြန်းရကြောင်း၊ စိုက်ပျိုးပြီး ခြောက်လအကြာတွင် စတင်အသီးသီးကြောင်း၊ ခြောက်လခွဲ အချိန်တွင် အသီးများကို အိတ်စွပ်ပြီး နှစ်လအကြာတွင် ခူးဆွတ်၍ ရောင်းချရကြောင်း၊ အသီး၏ အရွယ်အစားမှာ လုံးပတ်(၈)လက်မခန့်ရှိပြီး တစ်လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ နောင်တစ်ချိန်တွင် စီးပွားဖြစ် စိုက်ပျိုးရန်ရှိကြောင်း ကီလိုမာလကာစိုက်ပျိုးသူ အမှတ်(၂) ရပ်ကွက်(ဝမ်ဝိန်း)မှ ဦးမောင်ဦးကပြောသည်။

အဆိုပါ ကီလိုမာလကာသီးများကို လမ်းပန်းဆက်သွယ်ရေးအရ အခြားမြို့များသို့ စီးပွားဖြစ် တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးသော်လည်း မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ ရရှိပြီး ကီလိုမာလ ကာသီးများကို ကြိုက်နှစ်သက်သူများပြားကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)