ကျောက်မဲမြို့နယ်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် နား‌ခေါ်ကျေးရွာ အုပ်စုဒေသခံပြည်သူများနှင့်‌တွေ့ဆုံပွဲကျင်းပ

ကျောက်မဲ ဇူလိုင် ၂၄

ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် နားခေါ်ကျေးရွာအုပ်စုဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီခွအချိန်ကကျောက်မဲမြို့ နားခေါ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့​သည်။

ရှေးဦးစွာ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးညွှန့်ရွှေက တွေ့ဆုံပွဲ အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။ထို့နောက် မြိုနယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ကျောက်မဲခရိုင်မီးသတ်၊ ကျောက်မဲမြို့နယ်အဆင့်ဌာနဆိုင်ရာများ ဖြစ်ကြသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ကျောက်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြိုနယ်ပညာရေးဌာန၊ လမ်းဦးစီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြသည်။

ထို့နောက် ကျေးရွာနေပြည်သူများက လိုအပ်ချက်များအား ပြန်လည်တင်ပြ ဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒေသခံ ပြည်သူ (၆၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နေ့လယ် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)