ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း တစ်ပိဿာ ၂၂၀၀ ကျပ်ထိဈေးတက်လာ ခရမ်းချဉ် စိုက်တောင်သူများ တွက်ခြေကိုက်

ညောင်ဦး ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ခရမ်းချဉ်သီးတစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူများ  ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးမင်းညိုထံကသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများဖြစ်သော လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ မုန့်ကုန်း ကျေးရွာနှင့် ညောင်ချိုင်းကျေးရွာများသည် မြေအောက်ရေအသုံးပြု ခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ခရမ်းချဉ်သီး လှိုင်လှိုင် ပေါ်ချိန် တစ်ပိသာဈေးနှုန်း ၂၂၀၀ ကျပ် ရရှိရောင်းချနေရခြင်းကြောင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ် ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအား ရွေးချယ်စိုက်ပျိုး ကြကြောင်း၊ စတင်ပျိုးထောင်ချိန် ခရမ်းချဉ်စေ့တစ်စေ့ ပျိုးအိတ်တစ်အိတ်နှုန်းဖြင့်ထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း (၂၀) ခန့် ရှိလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးကြောင်း သိရသည်။ ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ခွ (ဂွ) ပွင့်လိုက်လာပြီး စတင်အပွင့်ပွင့် အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များ ဖြိုင်ဖြိုင်လှိုင်လှိုင်ပွင့်လာပြီး ခရမ်းချဉ်သီးများ ရင့်မှည့်ကာ စတင်ခူးဆွတ်ရောင်းချ ကြကြောင်း သိရသည်။ ခရမ်းချဉ်သီး ခူးဆွတ်ရောင်းချရာတွင် နှစ်ရက်တစ်ခါ ခူးဆွတ်ရကြောင်း ထွက်ရှိလာသည့် ခရမ်းချဉ်သီးများအား  ကျောက်ပန်းတောင်း မြို့မဈေးသို့လည်းကောင်း၊ ညောင်ဦးမြို့သို့လည်းကောင်း သွားရောက်ရောင်းချခြင်း၊ ပွဲစားများကိုယ်တိုင် ခရမ်းချဉ်ခင်းသို့ လာရောက်ဝယ်ယူခြင်းများရှိရာ ခရမ်းချဉ်စိုက်ပျိုးတောင်သူများ တစ်ပိဿာ ၂၂၀၀ ကျပ်ရောင်းချနေရပြီး တောင်သူများ မျှော်လင့်နေသည့် ဈေးနှုန်းထက် ပိုမိုရောင်းချနေရကြောင်း သိရသည်။

ဒီပါလင်း