ရွှေပြည်သာ ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွှေပြည်သာမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေးသော အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများထံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၁၄)ရပ်ကွက် ပန်းခြံ(၄)ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြောင်း သိရသည်။
ဆက်လက်၍ ပန်းခင်းစီမံချက်(၂)ဖြင့် ကွင်းဆင်းပြုလုပ်ပေးထားသော အိမ်ထောင်စုလူဦးရေ စာရင်း(၃၂)ခု နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၄၈)ခုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့က အမှတ်(၁၄)ရပ်ကွက် ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း