လယ်ဝေး ဇူလိုင် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ်၊ မြို့ကျက်သရေဆောင် ဖောင်တော် ချက်မစေတီတော်မြတ်ကြီး၏ မင်္ဂလာကန်တော်အတွင်းရှိ ပိုလျှံနေသည့်ငါးများအား ယမန်နေ့နံနက်ပိုင်းမှစ၍ စစ်တောင်းမြစ်အတွင်းသို့ ဘေးမဲ့လွှတ် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့ ဖောင်တော်ချက်မစေတီတော်ကြီး၏ မင်္ဂလာကန်တော်အတွင်း ဇူလိုင် ၁၅ ရက်နေ့မှစ၍ ငါးများသေဆုံးလျက်ရှိသဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကန်တော်အတွင်းရှိ ရေများအတွင်း အောက်ဆီဂျင် နည်းပါးပြတ်တောက်နေခြင်းနှင့် ကန်တော်အတွင်း ငါးအရေအတွက် အဆမတန်များပြား၍ ကန်အကျယ်နှင့်မမျှခြင်းတို့ကြောင့် ငါးများသေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေရှိခဲ့ပြီး ငါးအချို့ကို ကန်မှဆယ်ယူ၍ မြစ်အတွင်းသို့ ဘေးမဲ့လွတ်ပေးရန်နှင့် ကန်ရေအားပြုပြင်မှုများ၊ သန့်ရှင်းရေးများပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ကြောင့် ယနေ့နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဂေါပကအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ မင်္ဂလာကန်တော်အတွင်း ကန်နှင့် သင့်တော်မျှတသည့် ငါးများကို ဆက်လက်ထားရှိပြီး ပိုလျှံ နေသည့် ငါးမျိုးစုံအား လယ်ဝေးမြို့နယ်၊ အေလာအနီးရှိ စစ်တောင်းမြစ်ထဲသို့ မော်တော်ယာဉ် များဖြင့် သွားရောက်ပို့ဆောင်၍ ဘေးမဲ့လွှတ်ခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖောင်တော်ချက်မစေတီတော်၏ မင်္ဂလာကန်တော်သန့်ရှင်းသာယာရေးအတွက် ကန်တော်အတွင်း သင်တင့်မျှတသည့်ငါးများထားရှိပြီး ကန်ရေသန့်ရှင်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ထံမှသိရသည်။
ဝေကြည်(ပြန်/ဆက်)