ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသွားရောက်စစ်ဆေး

စစ်တွေ ဇူလိုင် ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊  ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာကြိုးတံတား ၃၂၀ ပေ ပြုပြင် တည်ဆောက်ပြီးစီးမှုအား သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါတံတားအား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေစုစုပေါင်း ၇၉ ဒသမ ၆၅၉ သန်းဖြင့်ကုန်ကျခံ ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာ သင်တန်းကျောင်းသို့ သွားရောက်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ရွာသစ်ကေကျေးရွာမှ ဇော်မတက်-ကံ့ကော်ကျွန်း ကျေးရွာချင်းဆက်လမ်း ၁၈ ပေအကျယ် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်း (မိုခါ) ကြောင့် ပျက်စီးခဲ့သည့် စစ်တွေမြို့ လောကနန္ဒာစေတီတော် ခြံစည်းရိုး အုတ်တံတိုင်းနှင့် စေတီရင်ပြင်တော် အုတ်တံတိုင်း ပြုပြင်တည်ဆောက်မှု၊ မဟာဝေယန် သာသနာ့ဗိမ္မာန်တော် အဆောက်အဦ ပြန်လည်ပြုပြင် နေမှုအား ကြည့်ရှုစစ်ဆေးကာ အလှူငွေများပေးအပ်ခဲ့ပြီး စစ်တွေမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား  တွေ့ဆုံအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ထောက်ပံပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း