နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့်အဖွဲ့၊ ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား လာရောက်ကြည့်ရှုစစ်ဆေး

ပုဏ္ဏားကျွန်း ဇူလိုင် ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့်အဖွဲ့သည် ယနေ့ နံနက်(၉)နာရီက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်း‌‌‌‌‌‌ကျောင်း (ပုဏ္ဏားကျွန်း)သို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့်အဖွဲ့သည် မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတားသို့ ရောက်ရှိပြီး၊ ကြိုးတံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ‌တို့ကို ကြည့်ရှုစစ်ဆေးကြရာ ကြိုးတံတားပြုပြင်တည်ဆောက်မှုတာဝန်ခံ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာဌာန၊ အင်ဂျင်နီယာမှူးကြီးက တံတားပြန်လည်ပြုပြင်ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေနှင့် တံတားကြာရှည် ကြံ့ခိုင်မှု ပမာဏတို့ကို ရှင်းလင်းတင်ပြသည်။ ဒုတိယဝန်ကြီးက တံတားကြာရှည်ခံနိုင်ရေးအတွက် ဂေါပကအဖွဲ့ဝင်များနှင့် မြို့မိ မြို့ဖ တာဝန်ရှိသူတို့က ထိန်းသိမ်းစောင့်ရှောက်ပေးကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

၎င်းတံတားမှာ အရှည် ၃၂၀ ပေ၊ တံတားအကျယ် ၇ ပေ ၆ လက်မ၊ တံတားအောက်ကင်းလွတ် အမြင့် ၁၃ ဒသမ ၁၃၄ ပေရှိပြီး၊ နိုင်ငံတော်အစိုးရထံမှ ခွင့်ပြုငွေကျပ်(၇၉ ဒသမ ၆၅၉ ကျပ်သန်း)ဖြင့် အင်ဂျင်နီယာဌာန(ရုံးချုပ်)မှ တာဝန်ယူကာ ၂၁-၆-၂၀၂၃ ရက်နေ့က စတင်၍ ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးခဲ့ပြီး၊ မကြာမီရက်ပိုင်းမှာ တံတားအား ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာက ပြောသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုသင်တန်းကျောင်း(ပုဏ္ဏားကျွန်း)သို့ သွားရောက်၍ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သင်တန်းကျောင်း အဆောက် အအုံများ အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ပြန်လည်ပြုပြင်မွမ်းမံရန် လိုအပ်သည်များကို တာဝန်ခံကျောင်းအုပ်နှင့် တာဝန်ရှိသူတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)