မိုင်းဆတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

မိုင်းဆတ် ဇူလိုင် ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးထားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ ဦးထူးဒယ်က အဖွင့်အမှာစကားပြောကြားရာ Education နှင့် Wisdom အကြောင်းတို့ကို အသေးစိတ်ဆွေးနွေးခဲ့ပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်မျိုးမျိုးသွယ်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်ဝင်းဝင်းဇင်က “လူငယ် တွေအတွက် လူကြီးတွေ ပြင်ဆင်သင့်တဲ့အရာများ” ခေါင်းစဉ်နှင့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးရာ ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သော ဘဝခရီးလမ်းတွင် တင့်တင့်တယ်တယ် လျှောက်လှမ်းနိုင်အောင် ဘက်စုံပျိုးထောင်ပေးခဲ့သော ဆရာ၊ ဆရာမများ၏ ကျေးဇူးများအကြောင်းနှင့် လူကြီးများသည် လူငယ်များထက် အတွေ့အကြုံများသည့်အလျောက် မိမိတို့ လူငယ်ဘဝဖြတ်သန်းစဉ် တွေ့ကြုံခဲ့သော အတိမ်းအချော်များ၊ အားနည်းချက်များ သင်ခန်းစာယူစရာများကို ပြန်လည်ဆင်ခြင်ပြီး လူငယ်များကို ထိန်းသိမ်းတည့်မတ်ပေးရန်လိုကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ပြီး၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်ဇင်ပွင့်ဖြူက “စာစီစာကုံးနှင့် ကိုယ်စွမ်းကိုယ်စခေါင်းစဉ်နှင့် ပညာတတ်ဖို့စာဖတ်ရမည်” ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ရာ ရသစာပေ များများဖတ်လျှင် နှလုံးသားဖွံ့ဖြိုးပြီး၊ သုတစာပေများများဖတ်ပါက ဗဟုသုတကြွယ်ဝသည့်အတွက် သုတနှင့်ရသစာပေကို ဟန်ချက်မျှမျှ ဖတ်ရန်လိုကြောင်းနှင့် မိမိပညာဖြင့် မိမိအကျိုး၊ မိသားစုအကျိုးမှသည် နိုင်ငံနှင့်လူမျိုးအကျိုး ထိုမှ လူသားတစ်ရပ်လုံး၏ အကျိုးအထိ သယ်ပိုးဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်သန္နာစိုးက “ဆရာမ တိုက်ကျွေးသော အားဆေးစကား”ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာဖတ်ဝါသနာပါရမည်ဖြစ်ကြောင်း၊ စာကြိုးစားသူခြင်းအတူတူ ကျောင်းစာကိုသာ ဖတ်သည့်သူထက် ကျောင်းစာရော အပြင်စာပါဖတ်သည့် သူက ပိုပြီးစာတော်ကြောင်း၊ စာဖတ်သည့်အတွက် ဘဝအခြေအနေ တိုးတက်လာရပုံအကြောင်းတို့ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပြီး  တက်ရောက်လာသူများမှ သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(မိုင်းဆတ်)