မိုင်းယောင်းမြို့နယ်တွင် ရေနစ်မြုပ်စပါးစိုက်ခင်းများအတွက် သတိပြုရမည့်အချက်များအား အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်

မိုင်းယောင်း ဇူလိုင် ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအတွက် အသိပညာပေးဆွေးနွေးဟောပြောခြင်းများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက မြေ၊ မျိုး၊ ပိုးမွှားအန္တရာယ် စသည့်အကြောင်းအရာများကို မြို့နယ်အတွင်းမှ ဒေသခံတောင်သူများအား ကွင်းဆင်းပညာပေး ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းပညာပေး ဆွေးနွေးရာတွင် ဒေသခံတောင်သူများအား ရေနစ်မြုပ်စပါးစိုက်ခင်းများတွင် မြေ၏ သဘာဝအနေအထား ပြောင်းလဲတတ်မှု၊ ၎င်းမြေတွင် စိုက်ပျိုးသင့်သည့် မျိုးစပါးအကြောင်းနှင့် ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းကို ပညာပေးဆွေးနွေးခဲ့ပြီး တောင်သူပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။

မိုးစပါးရာသီတွင် ရေနစ်မြုပ်ရာဒေသများရှိ တောင်သူများ၏ စိုက်ခင်းများ၌ ပိုးမွှားရောဂါ ကျရောက်သည်ဟု ယူဆလာပါက တောင်သူများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း