မိုးကုတ် ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု မိုးရာသီအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂:၀၀)နာရီအချိန်က မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်၊ အောင်နန်းရပ်ရှိ အောင်နန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုးကုတ်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကားပြောကြားရာတွင် ထူးချွန်ထက်မြတ်သော သွေးသစ်အားကစားသမားလူငယ်များ ပေါ်ထွက်လာစေရေးအတွက် အောက်ခြေအားကစားသမား အဆင့်ဆင့်ဖြစ်သည့် ကျေးရွာ/ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းလက်ရွေးစင်အဆင့်ရောက်ရှိအောင် မြို့နယ်အားကစားဆပ်ကော်မတီမှ တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ အားကစားသမားးအချင်းချင်း စည်းလုံးညီညွတ်မှုရရှိကာ ဒေသအတွင်း ဘောလုံးအားကစား ပိုမိုတိုးတက်လာပြီး ထူးချွန်ထက်မြက်သော အားကစားသမားများအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကို ရည်ရွယ်ချက်(၅)ရပ်နှင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ တာဝန်ရှိသူများအား အလေးပြုနှုတ်ဆက်ကြသည်။
ဆက်လက်ပြီး ယှဥ်ပြိုင်ကစားကြမည့် ဆင်ခွာအသင်းနှင့် အောင်ချမ်းသာ(က)အသင်းတို့မှ အားကစားသမားများအား တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲကို (၁၄:၄၅)နာရီအချိန်က စတင်ယှဥ်ပြိုင်ရာ တစ်ဖက် (၁)ဂိုးစီဖြင့် သရေဖြစ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အသင်း(၂၀)တို့မှ ဝင်ရောက်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)