ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များ မဲပေးနိုင်စေရန်အတွက် ဝန်ထမ်းနှင့် Volunteerများ တာဝန်ချထားနိုင်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

မန္တလေး၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များ မဲပေးနိုင်စေရန်အတွက် ဝန်ထမ်းနှင့် Volunteer များ တာဝန်ချထားနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ဆန္ဒမဲပေးရမည့်‌နေ့ရက်တွင် မဲရုံပြင်ပ၌ Social Distancing ရှိစေရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်‌ပေးနိုင်‌‌ရန် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် Volunteerများအား တာဝန်ပေးနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက သိရှိလိုသည်များကို ရှင်းလင်းဆွေး နွေးပြီး တာဝန်ချထားမည့် လူဦးရေစာရင်းကို အသီးသီးပေးအပ်ကြသည်။

အစည်းအဝေးသို့ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ Coronarvivus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက တက်ရောက်ကြသည်။

အောင်မြေသာစံမြို့နယ်တွင် မဲရုံပေါင်း (၉၂) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းရှစ်သောင်းခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇော်လင်းဦး(အောင်စံ)