မအီ ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေးအဖွဲ့(၆)မှ ယမန်နေ့နံနက်ပိုင်းက ဇနီကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာအုပ်စုနှင့် ပဒါကျေးရွာအုပ်စုပ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရေးအဖွဲ့(၆) ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့်အဖွဲ့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရေးအဖွဲ့ အတွင်းရေးမှူး၊ မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်စိုးမင်းက ဇနီကျေးရွာနေ အကျိုးဆောင်တောင်သူ ဦးမောင်ကြည်စိုက်ပျိုးသည့် လယ်မြေ ၄ ဧကနှင့် ဦးနေမင်းထွန်းစိုက်ပျိုးသည့် လယ်မြေ ၃ ဧကသို့လည်းကောင်း၊ ဆားပြင်ကျေးရွာရှိ ဦးညီညီစိုက်ပျိုးသည့် လယ်မြေ ၇ ဧကနှင့် ဦးရွှေတင်စိုက်ပျိုးသည့် လယ်မြေ ၃ ဧကသို့လည်းကောင်း၊ ပဒါကျေးရွာအုပ်စုရှိ ဦးမောင်စန်းလွင်စိုက်ပျိုးသည့် လယ်မြေ ၅ ဧကကိုလည်းကောင်း ကွင်းဆင်း၍ ဖော်ပြပါ အကျိုးဆောင်တောင်သူများ၏ Rs-Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှုများ၊ ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်ထားသည့် စပါးပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများနှင့် မိုးစပါးကို Seeder နည်းစနစ်ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနေမှုတို့အား ပြသခဲ့သည်။ ထို့နောက် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရေးအဖွဲ့(၆) ဥက္ကဋ္ဌ ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးသီးနှံထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊ လယ်ယာမြေများ အချိန်မီထွန်ယက်ပြီး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် စပါးအထွက်နှုန်း တိုးတက်မြင့်မားရေး၊ မျိုးကောင်းမျိုးသန့်များ ပျိုးထောင်စိုက်ပျိုးနိုင်ရေး၊ ဓါတ်မြေသြဇာများ အချိုးကျသုံးစွဲနိုင်ရေးနှင့် မိုးစပါး တစ်ဧက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသည့် စိုက်ပျိုးနည်းစနစ်များနှင့်အညီ ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ အချိန်ကိုက်အချိုးကျ အသုံးပြုနိုင်ရေး၊ ပလပ်မြေများ ချန်လှပ်ထားမှု မရှိစေရေးတို့အတွက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းပြောကြားပြီး သက်ဆိုင်ရာအကျိုးဆောင်တောင်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပဒါကျေးရွာအုပ်စုရှိ ဦးမောင်ဝင်းလွင်၏ Doarce ,Yorkshin, Landarce (နိုင်ငံခြားမျိုး) မျိုးကောင်းမျိုးသန့် မွေးမြူရေးခြံနှင့် ကြက်မွေးမြူရေးခြံနှင့် ဉီးခင်မောင်ဇင်၏ မျိုးကောင်းမျိုးသန့် ဝက်မွေးမြူရေးခြံများသို့သွားရောက်ပြီး အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနိုင်စေရေး၊ သက်ဆိုင်ရာဌာနများဖြင့်ချိတ်ဆက်၍ လိုအပ်သည်များကို ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနိုင်စေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ရွက်ခဲ့ကြသည်။
မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးကို(၃၀၃၅၀)ဧကနှင့် မိုရာသီသီးနှံမျိုးစုံဧက (၃၁၈၆၇)ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ်မိုးရာသီတွင် မိုးစပါးအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးမှူးဦးအောင်စိုးမင်းက ပြောကြားခဲ့သည်။
မောင်မောင်ဌေး(ပြန်/ဆက်)