ဘူးသီးတောင် ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်များဗုဒ္ဓဘာသာအခြေခံယဥ်ကျေးမှုသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ ညနေ(၄)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးအောင်က ယနေ့ခေတ်လူငယ်များအနေဖြင့် မိမိတို့ရိုးရာယဥ်ကျေးမှုများကိုသိရှိနားလည်စေရန်၊ ဗုဒ္ဓဘာသာယဥ်ကျေးမှုအခြေခံများကို သိရှိနားလည်စေရန်အတွက် အားလပ်သည်အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်အေးအေးမြိုင်က ကျောင်းသား၊ ကျောင်းသူလူငယ်များအား
ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးမှုသင်တန်းဖွင့်လှစ်သင်ကြားရသည့်ရည်ရွယ်ချက်များနှင့် သင်တန်းနည်းပြများ၏သင်ကြားပြသပေးမှုအပေါ် စိတ်ဝင်စားစွာလေ့လာမှတ်သွားကြဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်း၌ နယ်စပ်ဒေသတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ဂန္ဓာရီလူငယ်ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၈)ဦးတက်ရောက်သင်ကြားပြီး ဗုဒ္ဓဘာသာအခြေခံယဥ်ကျေးမှုသင်တန်းအား သင်တန်းနည်းပြဒေါ်မြသန္တာနှင့် ဒေါ်ခင်စောမိုးတို့ကပြသသွားမည်ဖြစ်ပြီး ဇူလိုင်လ(၂၁)ရက်နေ့မှ(၂၇)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)