မလှိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မလှိုင် ဇူလိုင် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်ပညာများ ပြည့်စုံပြီး စင်မြှင့်အထက်တွင် ပြောဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ကျောင်း(မလှိုင်)၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမြင့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက(မလှိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက Moderator အဖြစ် ဆောင်ရွက်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုစတင်ခဲ့ရာ Grade      12 မှ ကျောင်းသူ မဖြူစင်က လူငယ် နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade11 မှ ကျောင်းသူ မမြတ်နိုးခင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade 11 မှ  ကျောင်းသူ မသံစဉ်ထွန်းက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade 11 မှ ကျောင်းသူ မခိုင်မြတ်သူက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade 12မှ ကျောင်းသူမမေသဒ္ဒါခင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသော ဆရာ/မများနှင့် ကျောင်းသား/သူ များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

အောင်ဌေး (ပြန်/ ဆက်)