မိုင်းခတ် ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၃၁)ကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅-ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၅)ရက်၊ ယမန်နေ့နံနက်ပိုင်းက မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မဟာဗောဓိဝိပဿနာကမ္မဌာန်းကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခတ်မြို့ မဟာဗောဓိဝိပဿနာကမ္မဌာန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီဟအမှူးပြုသော ပင့်သံဃာတော်အရှင်သူမြတ် (၃၈)ပါး၊ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူးဗိုလ်မှူးကြီးရာဇာထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြပြီး အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး ပင့်သံဃာတော်အရှင်သူမြတ် (၃၈)ပါးအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မိုင်းခတ်မြို့ပေါ်ရှိ ပင့်သံဃာတော်အရှင်သူမြတ် (၁၂)ပါးက ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ (၃)ရက်ကြာ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)