အမ်းမြို့နယ်၌ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

အမ်း ဇူလိုင် ၂၃

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးတွေ့ဆုံပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာရှိ ကွင်းအမှတ်-၂၇၁ ၌ လယ်မြေ တောင်သူ ၇၈ ဦးတွင် လယ်မြေ ၁၂၄ ဧက၊ ဥယာဉ်တောင်သူ ၄၀ ဦးတွင် ဥယာဉ်မြေ ၉၂ ဧကနှင့် ကိုင်းတောင်သူ ၃၈ ဦးတွင် ကိုင်းမြေ ၃၈ ဧက ရှိရာ ဒေသခံတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်‌ရေးအတွက် မိုးစပါးစိုက်ပျိုးရန် မျိုးသန့် မျိုးစေ့ရရှိရေး၊ သဘာဝဓါတ်မြေသြဇာသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးနည်းပညာအသုံးပြု၍ စပါးပင်များအား နည်းမှန်၊ လမ်းမှန် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်စနစ် ဆိုလာစနစ်ဖြင့် ရေတင်ပေးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် ရာသီအလိုက် စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရန် ရေရရှိရေးကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများမှမိုးစပါးစိုက်ပျိုးရန် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေနှင့် လတ်တလေ မိုးရွာသွန်းမှုနည်းပါးသောကြောင့် စပါးစိုက်ပျိုးရန် ကြုံတွေ့နေရသည့်အခြေအနေ၊ ယမန်နှစ် စပါးစိုက်ပျိုးနိုင်မှုအခြေအနေ၊ စပါးစိုက်ပျိုးနိုင်မှုမရှိပါက အစားထိုးသီးနှံ စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှု၊ စပါးနှင့် စားသုံးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်စနစ်ဖြင့် ရေတင်ပေးနိုင်ရေး၊ စိုက်ပျိုးနိုင်ရေးအတွက် ရေအရင်းအမြက်ရရှိလျှင် မိမိတို့၏ကျေးရွာ၌ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာပြီး လူ‌နေမှုဘဝတိုးတက်လာမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးကြရာ တောင်သူများ တင်ပြချက်များအပေါ်  ဌာနဆိုင်ရာ တာဝန်ရှိသူများက  မိုးစပါးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်စွတ်ဆွေးနွေးပေးခဲ့ပြီး စပါးစိုက်လယ်မြေများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)