လားရှိုး ဇူလိုင် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အရှေ့ခါးရိုးဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင်ဆေးတပ်ရင်းတို့မှ အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့၊ အရှေ့ခါးရိုးဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာလေးများနှင့် ဒေသခံပြည်သူတို့အား အထွေထွေရောဂါကု ဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့် ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ် အထူးကုဆရာဝန်၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန် စသည့် အထူးကုဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဦးစီးဗိုလ်မှူးကြီး (စစ်ထောက်)မှ ဗိုလ်မှူးကြီး ဇေယျာလင်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့် ဟူးမွန်ကျေးရွာ၊ ဟိုပိတ်ကျေးရွာ၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၉)၊ တောရပရိယတ္တိစာသင်တိုက်၊ နတ်ရေကန်ကျောင်းတိုက်နှင့် စိတ္တသုခဘုန်းတော်ကြီးကျောင်းတို့တွင်လည်း ဒေသခံများ၏ ကျန်းမာရေးအတွက် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဆေးစစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)