တောင်ကြီးမြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်

တောင်ကြီး ဇူလိုင် ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို တောင်ကြီးမြို့ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းတွင် ဇူလိုင်လ ၂၁ရက်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ တာဝန်ခံဆရာမ ဒေါ်ရီရီနွယ်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက လူငယ်စကားဝိုင်း ပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော မယွန်းပြည့်နဒီက လူငယ်နှင့်စာဖတ်ခြင်း၊ မောင်ရဲထက်အောင်က လူငယ်နှင့်နည်းပညာ၊ မဆည်းဆာမော်က လူငယ်နှင့် မူးယစ်ဆေး၊ မောင်အာကာက  လူငယ်နှင့်အားကစားစသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြ ကြောင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ဇော်နိုင်လင်း (ပြန်/ ဆက်)