ရန်ကုန်တိုင်း​ဒေသကြီးသို့ စေတနာ့လုပ်အားရှင်အဖြစ် ရေးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သွားရောက်ပါဝင်ကူညီဆောင်ရွက်

ရေး အောက်တိုဘာ    ၁၃

မွန်ပြည်နယ်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အား ရှင် (၄၁) ဦးတို့သည် အောက်တိုဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁) ရက်နေ့အထိ (၃) ပတ်ကြာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုကုသမည့် နေရာတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ စေတနာ့လုပ်အားရှင်အဖြစ် ပါဝင်ကူညီ ဆောင်ရွက် သွားမည်ဖြစ်ရာရေးမြို့နယ် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၇) ဦးတို့က မိမိတို့၏ စိတ်အား၊ စေတနာအား၊ ထက်သန်စွာ ဆန္ဒသဘောထားအပြည့်ဖြင့် ရေးမြို့နယ်ကို ကိုယ်စားပြုသွားရောက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတနာ့ရှင်ကြက်ခြေနီသူနာပြုများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိ်န်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ဂုဏ်ပြု အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွှန်ဆွေနှင့် ကော်မတီဝင်များ၊ မြို့နယ်လူမှုရေး အသင်းအဖွဲ့များမှ  ကိုယ်စားလှယ် များနှင့် စေတနာရှင်အလှူရှင်တို့က ထောက်ပံ့ငွေများနှင့် အသုံးဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုကုသ ရေးလုပ်ငန်းများ တွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ စေတနာ့ လုပ်အားရှင်အဖြစ်ပေါင်းစပ်ညှိ နှိုင်ရေးအဖွဲ့၏ လုပ်ငန်းလိုအပ်ချက်များ ပါဝင်လုပ်ဆောင်နိုင်ရန် မွန်ပြည်နယ် (၁၀)မြို့နယ်မှ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်(၄၁)ဦးတွင် ရေးမြို့နယ်မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၇)ဦးတို့ ပါဝင် လိုက်ပါ ကူညီဆောင် ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)