ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကန်သာယာမူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား အာဟာရဖြည့်စွက်စာများ လှူဒါန်း

ဟိုပုံး ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် မူလတန်းကြိုကျောင်း၌ ဇွန်လ ၂၁ ရက်နေ့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက အာဟာရဖြည့်စွက်စာများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များသည် မူလတန်းကြိုကျောင်းရှိ ကျောင်းသင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး၊ ကလေးများအတွက် အန္တရာယ်မဖြစ်စေရေး အလေးထားဂရုပြုကြရန် လိုအပ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မူလတန်းကြိုကျောင်းဖြစ်သည့်အတွက် ကလေးများ ကာယဉာဏစာရိတ္တ ဖွံဖြိုးစေရန် ကြိုးစားသင်ကြားပေးစေလိုကြောင်း၊ မိမိတို့အမျိုးသမီးရေးရာအဖွဲ့မှ ပံ့ပိုးကူညီနိုင်သည်များကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။  ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီး ရေးရာအဖွဲ နာယက ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များက ကလေးငယ် (၇၉)ဦးအတွက် အာဟာရဖြည့်စွက်စာများ လှူဒါန်းခဲ့ကြပြီး ကလေးငယ်လေးများက ကဗျာ၊ သီချင်းများဖြင့် ပြန်လည်သီဆို ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မူလတန်းကြိုကျောင်းကို ၂၀၁၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် ကလေးငယ် (၇၉)ဦးအား မူလတန်းကြိုအရွယ် ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနှင့် ကျန်းမာရေးဆိုင်ရာ ဘက်စုံဖွံဖြိုးတိုးတက်မှုများ ရရှိစေရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်း‌ဒေသ(ပြန်/ဆက်)