နေ​ပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတက်ရောက်

ဥတ္တရသီရိ ဇူလိုင် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့  အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်၈နာရီက မင်းကုန်းကျေးရွာအုပ်စု သဲကျွန်းကွက်သစ်၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်းတို့က ပျိုးပင်များပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် မင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းအောင်တို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက် သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ‌စုစုပေါင်းအင်အား ၁၅၀ဦးခန့် စုပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ မိုးခေါင်ရေရှားမှု မဖြစ်‌ပေါ်စေရန်၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍    မဟော်ဂနီ၊ ကျွန်း၊ တမာ၊ ခရေ၊ စိန်ပန်း၊ ယင်းမာ၊ ကုက္ကိုလ်၊ မယ်ဇလီ၊ ငုရွှေဝါနှင့် ပိတောက် စသည့် ပျိုးပင်ပေါင်း(၁၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဦးစီးဌာနတို့မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သုံးသပ်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အောင်မျိုးဝင်း(ပြန်/ ဆက်)