ပျဉ်းမနား ဇူလိုင် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၌ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် ဘောဂဝတီရပ်ကွက်၊ အားကစားကွင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာ များတွင် အသီးသီးစိုက်ပျိုးပေးကြပြီး သစ်ပင်စိုက်ပွဲတော်တွင် သစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးသည်။
ပျဉ်းမနားမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အမှတ်တရအဖြစ် မဟော်ဂနီပျိုးပင် ကို စိုက်ပျိုးပေးသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများက သတ်မှတ်နေရာများအလိုက် သစ်ပင်များကို တပျော်တပါးစိုက်ပျိုးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟော်ဂနီ၊ မယ်ဇလီ၊ ပန်းတောက်၊ မြန်မာကုက္ကို ၊ ပျင်းမနှင့် ကျွန်းပင် စုစုပေါင်း ပျိုးပင် ၁၂၀ အား စုပေါင်းစိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ ဆက်)