နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပျဉ်းမနား ဇွန် ၂၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့ မြို့မိ၊ မြို့ဖများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်းတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေလယ်ကျောင်းဆောင်နှင့် လျှောက်လမ်းအဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများကို ကောင်းမွန်စွာ တည်ဆောက်ပြီးစီးစေရေးဆောင်ရွက်ရန်၊ မြို့မိမြို့ဖများအနေဖြင့်လည်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ ဆောင်ရွက်ပြီးစီးသည့် ကန်တော်မင်္ဂလာရှမ်းကန် အတွင်း/ အပြင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကန်ပတ်လျှောက်လမ်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပတ်ဝန်းကျင်သာယာလှပရေးဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)