လားရှိုး ဇူလိုင် ၂၃
တိုင်းရင်းဆေးအသိပညာပေးဟောပြောပွဲနှင့်ဆေးကုသခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လားရှိုးမြို့နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဦးဆန်းဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးမှူးဒေါ်ကြည်ကြည်မြင့်က တိုင်ရင်းဆေးပညာအကြောင်းနှင့် ဆေးကုသပေးမည့်အစီအစဉ်များအကြောင်းကို ဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ လားရှိုးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်းကျောင်သား၊ ကျောင်းသူပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လာရောက်ပညာသင်ကြားကြသော ကျောင်းသား၊ ကျောင်းသူများကို ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများ၊ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးများက တိုင်းရင်းဆေးဖြင့်လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)