ကျိုင်းတုံ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ မိုင်းပန်လယ်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ ၂၁ ရက် နံနက်(၁၀)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်ကြောင်းသို့ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ ကျေးရွာလုံခြုံ အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုး မွေးမြူရေး၊ ကျန်းမာရေးနှင့် ပညာရေးအစရှိသောကဏ္ဍများ ဖွံဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့ကြကာ ဒေသခံများမှဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအတွက် အိမ်ထောင်စုစာရင်းဖြည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ မွေး/ သေ စာရင်းများ ကောက်ယူခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများကို လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ ဆက်)