မိတ္ထီလာ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၂ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ သိန်း ၄၈၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ ၁၀ ရွာ ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ ၈ ရွာ၊ သာစည်မြို့နယ်တွင် ကျေးရွာ ၈ ရွာနှင့် ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ ၆ ရွာတို့တွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ရေပေးဝေရေးလုပ်ငန်းများကို ကျေးရွာ တစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း (၁၅၀)နှင့် ကျေးရွာလူထု၏ လုပ်အားတို့ဖြင့် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆောင်ရွက်မှုလုပ်ငန်းအဆင့်ဆင့် ရေးဆွဲနည်း သင်တန်းများပို့ချခြင်း၊ လုပ်ငန်းများဆောင်ရွက်ရန် ဦးစားပေးရွေးချယ်ခြင်း၊ ကျေးရွာသူကျေးရွာသားများ၏ ပူးပေါင်းပါဝင်၍ အဖွဲ့အစည်းနှင့် ဆောင်ရွက်စေသော အလေ့အကျင့်များ လေ့ကျင့်ပေးခြင်းတို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဖွဲ့အစည်းဖြင့် ဆောင်ရွက်တက်ခြင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်တက်သော အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ သဘာဝဘေးများနှင့် ကြုံတွေ့လာပါက တုန့်ပြန်မှုကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(ပြန်/ ဆက်)