ပြန်ကြားရေးဝန်ကြီးဌာနမိသားစုများ၏ (၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

တာမွေ ဇူလိုင် ၂၂

ပြန်ကြားရေးဝန်ကြီးဌာန(ရန်ကုန်မိသားစု)များ၏ (၂၆)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ နန်းဦးပရိယတ္တိ စာသင်တိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍  ဖွင့်လှစ်ခဲ့ပြီး ဘုရားအမှူးရှိသော ပင့်သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြပြီး နန်းဦးပရဟိတဆရာတော် ဘန္ဒတဦးဇောတိကက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားများကို ဟောကြားတော်မူ ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိသူများက ပင့်သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်း၊ ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်း များကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမိသားစုများက လှူဒါန်းငွေကျပ် (၈၀၀၀၀၀/-)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိသားစုများက လှူဒါန်းငွေကျပ် ( ၁၄၅၂၀၀၀/-) ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမိသားစုများက လှူဒါန်းငွေကျပ် (၄၀၀၀၀၀/-)၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမိသားစုများက လှူဒါန်းငွေကျပ်(၃၀၀၀၀၀/-)နှင့် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိသားစုများက လှူဒါန်းငွေကျပ်(၁၁၅၀၀၀/-)ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန် မိသားစု)များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ကျပ်(၃၀၆၇၀၀၀/-)ဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)