တံတားဦးမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တံတားဦး ဇူလိုင် ၂၂

တံတားဦးခရိုင် တံတားဦးမြို့နယ် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက တံတားဦးမြို့နယ် ဟံသာဝတီကျေးရွာအုပ်စု တောင်ဘီလူ အခြေခံပညာ အထက်တန်းကျောင်းအတွင်း၌ ကျင်းပကြောင်းသိရသည်။

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းက ဒေသတွင်းပျက်စီးဆုံးရုံးသွားသော သစ်တောသစ်ပင်များကို အစားထိုးစိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်စေရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့ရေး၊ သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာပူးပေါင်း ပါဝင်လာစေရေး ရည်ရွယ်ပြီး ယခုလိုမိုးရာသီ သစ်ပင်သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း၊ ၎င်းအပြင် သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်း လုပ်ငန်းသည် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ မြေတိုက်စားမှုများမှ ကာကွယ်ပေးခြင်း ရေမြေထိန်းသိမ်းပေးခြင်း ရေကြီးရေလျှံမှုများမှ ကာကွယ်ပေးခြင်း၊ ရာသီဥတုမျှတသာယာခြင်းစသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားပြီးကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုထံသို ရတနာတန်းဝင် ကျွန်းပင်များပေးအပ်သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များက တာဝန်ရှိသူများထံသို့ ရတနာတန်းဝင် ကျွန်းပင်များကို အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများက ရတနာတန်းဝင် ကျွန်း(၂၀၀)ပင်အား တပျော်တစ်ပါးစိုက်ပျိုးကြသည်။

စိုက်ပျိုးသည့် သစ်ပင်များ ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ရေလောင်းခြင်းလုပ်ငန်းနှင့် လိုအပ်သည့် မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း လုပ်ငန်းများကို စနစ်တကျပြုစုထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရာသီဥတု ကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဌာနဆိုင်ရာများနှင့် စုပေါင်းပြီး သစ်ပင်စိုက်ပျိုးပွဲများကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင်ရဲကျော်ထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)