ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဘက်ရည်ဆိုင်များ၊ စားသောက် ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများ အပါအဝင် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask) မတပ် ဆင်ဘဲ သွားလာနေသူများအား ချက်ချင်းဝယ်၊ ချက်ချင်းတပ်ပုံစံဖြင့် သတိပေးအရေးယူမှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်ကလည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် စျေးတာဝန်ခံတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ တာမွေ ယာယီစျေးတွင် နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face Shield) မတပ်ဆင်ဘဲ စျေးရောင်းချနေ သူများအား ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ခဲ့ကြသည်။
"တာမွေယာယီစျေးမှာရှိတဲ့ စျေးရောင်းချသူများအကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face Shield) တပ်ဆင်ပြီးမှ စျေးရောင်းချသည့် အလေ့အကျင့်များ ဖြစ်လာစေရန် ယခုလို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် တာမွေယာယီစျေးတွင် စျေးဝယ်ယူရန် လာရောက်ကြသည့် ပြည်သူများကိုလည်း စျေးအဝင်ဝတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့် ဆေးရည်(သို့) လက်ဆေးဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောစေခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ စျေးအတွင်းသို့ ဝင်ရောက်စေခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်" ဟု တာမွေယာယီစျေးတာဝန်ခံ ဦးသူရဝင်းက ပြောကြားခဲ့သည်။
နိုင်လင်းအောင်(ပြန်/ဆက်)