မင်းပြားမြို့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မင်းပြား ဇူလိုင် ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မင်းပြား)နှင့် မင်းပြား မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး  ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြောက်ဦးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဖြိုးလှိုင်က ယာဉ်အန္တရာယ် ကင်းရှင်း ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး အတွက် အချိန်မြှင့်စွာ မောင်းနှင်ခြင်း၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်း၊ ကျော်တက် ခြင်းများမပြုရန်၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး မြဲမြန်စွာ တပ်ဆင်ရန်၊ ဆိုင်ကယ်အား နှစ်ဦးထက်ပိုစီးခြင်း၊ လမ်းအလယ်တွင် ရပ်၍ လူနှင့် ကုန်အတင်အချ မပြုလုပ်ရန် စသည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ်၏ ဆိုးကျိုးများအား အသိပညာပေး ဟောပြောခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ လူကုန်ကူးသူများ၏ ဦးဆောင်သည့် နည်းလမ်းများအား အသိပညာပေး ပြောကြားခြင်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးကို အမျိုးသားရေး အသွင်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားကာ Power Point ဖြင့် ရှင်းပြသည်။ ဆက်လက်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေးနှင့် လေ့ကျင့်ဦးစီးဌာန၊ မြောက်ဦးခရိုင် လက်ထောက်ညွန်ကြားရေးမှူး၊ ကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုးနှင့် ဒုကျောင်းအုပ်၊ သင်တန်း နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်