နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြော

နောင်ချို ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ‌နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံ ရှင်းလင်းဆောင်တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက် မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့် အမှာစကား ပြောကြားခဲ့ကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးပြောကြားခြင်း၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးဝင်းနိုင်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ပြောကြားခြင်း၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီမှ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး ကိစ္စရပ်များ၊ လူမှုရေးပင်စင်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဦးစီးအရာရှိမှ ဌာန၏ လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းသန့်စင်ဝင်းမှ တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ အခမ်းအနားသို့ တိုင်ရင်းသားပြည်သူ (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အင်းဝိုင်းသကြားစက်ရုံရှိ ဓမ္မာရုံ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်အခမ်းအနားကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ Crownဘိလပ်မြေစက်ရုံမှ  ဝန်ထမ်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)