နမ္မတူ ဇူလိုင် ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ကျရောက်နိုင်ခြေရှိသော ဘေးအန္တာရာယ်အမျိုးမျိုးတို့၏ ဆိုးကျိုးသက်ရောက်မှုများ ရှောင်လွှဲ၊ ရှောင်ရှားနိုင်စေရန်နှင့် ထိခိုက် ဆုံးရှုံးမှုများ လျော့ပါးသက်သာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၂၁)ရက်နေ့ နံနက် (၉)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင်ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်က ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။
သင်တန်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်က ဘေးအန္တရာယ်အမျိုးအစားများနှင့် ကြိုတင်ပြင်ဆင်ရန်အချက်များအကြောင်းအား လည်းကောင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဝင်းကိုက မိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးက ငလျှင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းအားလည်းကောင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ နမ္မတူမြို့နယ်မှ ဦးဟိန်းမင်းလတ်က ရှေ့ဦးပြုစုခြင်းနှင့် အရေးပေါ်လူနာကောက်အခြေခံသင်ခန်းစာ အားလည်း ကောင်း စာတွေ့လက်တွေ့ပို့ချသင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းအား ဇူလိုင်လ (၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေ့စဉ် နံနက် (၉)နာရီခွဲမှ ညနေ (၃)နာရီ (၄၅)မိနစ်အချိန်ထိ (၃)ရက်တာ ဖွင့်လှစ်ပို့ချ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသားသင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။
လူမော် (ပြန်/ဆက်)