လားရှိုး ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ယခုနှစ်အတွင်း မီနီအိုးဝေ ခေါ် သုံးဘီးဆိုင်ကယ်များဖြင့် အငှားယာဉ်ပြေးဆွဲမှုများ ရှိလာကြောင်း သိရသည်။
လားရှိုးမြို့တွင် ယခင်က အငှားယာဉ်များအဖြစ် လိုက်ထရပ်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များဖြင့် သာ အငှားယာဉ်ပြေးဆွဲမှုများရှိခဲ့ပြီး ယခုနှစ်လယ်ပိုင်းမှ စတင်ကာ မီနီအိုးဝေခေါ် သုံးဘီးဆိုင်ကယ် များဖြင့် အငှားယာဉ်ပြေးဆွဲမှု ရှိလာကြောင်း သိရသည်။
“မီနီအိုးဝေလို့ခေါ်တဲ့ သုံးဘီးဆိုင်ကယ်ကတော့ အိန္ဒိယထုတ်ဆိုင်ကယ်ပေါ့။ အခုဆိုရင် ကျွန်တော်တို့ ဒီဆိုင်ကယ်ကို လားရှိုးမှာပေါက်ဈေးက သိန်းတစ်ရာ့ နှစ်ဆယ်ဝန်းကျင်လောက်ဈေးပေါက်တာပေါ့။ ဒီလိုဆိုင်ကယ်မျိုးက အမှန်တကယ်တော့ မြေပြန့်ဒေသဆိုရင် ပိုပြီးအဆင်ပြေတာပေါ့။ ဒါပေမယ့် လည်း လားရှိုးမှာလည်း ပြေးဆွဲလို့ အဆင်မပြေဘူးလားဆိုတော့လည်းအဆင်ပြေပါတယ်။ တောင်တက်တောင်ဆင်း လည်းရတယ်။ မိုးလုံလေလုံလည်း စီးလို့ရတယ်။ ကျွန်တော်တို့ကတော့ လိုင်းပြေးတာထက် အော်ဒါငှားတာပဲ ပိုလိုက်ကြတာပေါ့။ တချို့လည်း အခုမှ ဒီလိုဆိုင်ကယ်ကို မြင်ဖူးတော့ စီးဖူးချင်တာနဲ့ ငှားစီးကြတာပေါ့။” ဟု မီနီအိုးဝေ အငှားယာဉ်မောင်း သမားတစ်ဦးက ဆိုသည်။
လားရှိုးမြို့တွင် မီနီအိုးဝေအငှားယာဉ်များကို လားရှိုးမြို့မဈေးကြီးအနီး၊ ပြည်သူ့ဆေးရုံကြီးရှေ့၊ လမ်းမတော်လမ်းနှင့် အဝေးပြေးကားဂိတ်အနီးတို့တွင် အလွယ် တကူ ငှားရမ်းစီးနင်းနိုင်ကြောင်း သိရ သည်။
စိုင်းထွန်း (လားရှိုး)