လားရှိုး ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်းတွင် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြရာရာသီအလိုက် သီးနှံများကို လယ်မြေ၊ ယာမြေ များတွင် မိုးရာသီကာလအတွင်း စပါးအပါအဝင် သီးနှံ မျိုးစုံကို စိုက်ပျိုးလျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်မိုးရာသီးစိုက်ပျိုးရေး ကာလအတွင်း အစေ့ထုတ်ပြောင်းစိုက်ပျိုးရန် လျာထားဧက (၆၇၃၃၀) ဧက အနက် (၄၂၅၃၈) ဧက စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ဒီတစ်နှစ်မိုးရာသီမှာ တောင်သူတွေအနေနဲ့ အစေ့ထုတ်ပြောင်းကို အဓိကထားစိုက်ပျိုးခဲ့ကြတယ်။ စိုက်ပျိုး ပြီးစီးမှုကလည်း ဧကပေါင်း လေးသောင်းကျော်နေပါပြီ။ တောင်သူတွေအတွက် လိုအပ်တဲ့ စိုက်နည်းစနစ်နဲ့ အခြားသော လိုအပ်ချက်တွေကို ကျွန်တော်တို့ မြို့နယ်စိုက်ပျိုးရေးက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိနေပါ တယ်။” ဟု လားရှိုးမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းတိုးတိုးက ပြောသည်။
ယခုနှစ် မိုးရာသီစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧက (၃၆၉၂၂) ဧကရှိသည့်အနက် (၁၅၄၉၉) ဧက၊ ယာစပါး (၁၀၃၉၁)ဧက၊ တောင်ယာစပါး(၅၁၀၈)ဧက၊ နှံစားပြောင်း (၁၅)ဧက၊ အစေ့ထုတ်ပြောင်း (၄၂၅၃၈) ဧက၊ ဖူးစားပြောင်း(၁၆၁၄)ဧက၊ မြေပဲ(၁၇၅၇)ဧက၊ နှမ်း(၅၅)ဧက၊ နေကြာ(၉)ဧက၊ သစ်စိမ့်(၁၁)ဧက၊ နာနတ်လျှော် (၁၇၀၀)ဧက၊ ကြက်ပေါင်စေး(၁၉၈၄၈)ဧက၊ ပဲပုတ်(၂၅၇၀)ဧက၊ ပဲစဉ်းငုံ(၁၂)ဧက၊ ငရုတ်(၃၅)ဧက၊ အခြား ဟင်းခတ် (၂၆၁)ဧက၊ ချက်ကြံရင့်(၄၄၃)ဧက၊ ချက်ကြံနု(၂၅၇)ဧက၊ လက်ဖက် (၁၀၀၃)ဧက၊ ကော်ဖီ(၁၆၉) ဧက၊ ပိုးစာ(၁၁၂)ဧက၊ ဌက်ပျော(၇၇၆)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုးရာသီစိုက်ပျိုးရေးကာလအတွင်း သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ ကို လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)