ရန်ကုန် ဇူလိုင် ၂၂
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၇/၂၀၂၃)ကို ယနေ့နံနက်(၁၀)နာရီက ဗိုလ်တထောင် မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ၅၁ လမ်းရှိ မဟာနဝရတ် (ကွန်ဒိုအိမ်ရာတာဝါ A) အခန်းအမှတ် (၅၂၂/၅၂၃) ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသည် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဥ် (၃) ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဥ်(၃)တွင် ခေတ်မီ စာကြည့်တိုက်စီမံခန့်ခွဲမှုအကြောင်း၊ စာစုခြင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲမှု၊ ရည်ညွှန်း လုပ်ငန်းနှင့် သတင်းအချက်အလက်ဝန်ဆောင်မှုများ၊ စာကြည့်တိုက်ဝန်ဆောင်မှု အစီအစဥ် သစ်များ ဒီဇိုင်းရေးဆွဲခြင်း၊ စာကြည့်တိုက် အလိုအလျောက်စနစ်နှင့် စီမံခန့်ခွဲမှုစနစ်များ၊ ဒီဂျစ်တယ်တတ်မြောက်မှုနှင့် သတင်းအချက်အလက်ရယူမှု၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်ဥပဒေ၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် ပြည်သူ့စာကြည့်တိုက်များ၏ အခန်းကဏ္ဍ အကြောင်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးရန် စီစဥ်ဆောင်ရွက်ထားပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဟိန်းလတ်)က စာကြည့်တိုက်မှူးများ စွမ်းရည်မြှင့်သင်တန်းပို့ချဆောင်ရွက်ရမည့် အခြေအနေ များကိုလည်ကောင်း၊ စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ဦးဆန်းဝင်းက စာကြည့်တိုက်မှူးများ စွမ်းရည်မြှင့်သင်တန်း အချိန်ဇယားများနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်ကောင်း၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ဒေါက်တာခင်လေးစိုးက စာကြည့်တိုက်မှူးများ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)