နေပြည်တော် ဇူလိုင် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်အောင် မူဝါဒနှင့်အညီ လယ်ယာကဏ္ဍမှာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးရာသီတွင် ယခင်နှစ်စိုက်ပျိုးသည့် စိုက်ဧကထက်ကျော်လွန်ပြီး လျာထားချက်ပြည့်မီ အောင်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ မိုးစပါးအပြီးတွင်ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများနှင့် ပဲအမျိုးမျိုးကို ဒေသနဲ့ကိုက်ညီပြီး ဖြစ်ထွန်းနိုင်သည့် အနေအထားပေါ်မူတည်ပြီး စိုက်ပျိုးသွားဖို့လိုအပ်ကြောင်း၊ တစ်နှစ်(၃)သီး မဖြစ်မနေစိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားသည့်အတွက် စိုက်ပျိုးရေးကဏ္ဍမှာ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စားရေရိက္ခာ ဖူလုံရေးနှင့် ဝမ်းစာပြည့်မီရေးအတွက် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရာတွင် လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ အရင်းအနှီးစိုက်စရိတ်များအား ထုတ်ချေးပေးလျက်ရှိသလို တောင်သူများလို အပ်လျက် ရှိသော သွင်းအားစုများ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီရရှိရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊နိုင်ငံတော်မှပံ့ပိုးပေးသည့် ရန်ပုံငွေ များ သတ်မှတ်ကာလ အတွင်းရရှိရေးနှင့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ်၊ မိုးစပါး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူလုပ်ငန်း လုပ်ကိုင်သူများကို သွင်းအားစုတွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး အသားကဏ္ဍ တိုးတက်လာစေရန်နှင့် အသားစားသုံးမှုဖူလုံစေရန် မွေးမြူလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အမှန်တကယ်တိုးတက်အောင် မွေးမြူသွားဖို့ လိုအပ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ် တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများအပြင် မွေးမြူရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အလေးထားပြီး အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေ သည့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မြို့နယ်အလိုက် လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဌာနဆိုင်ရာများ၊ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်း ရှင်နှင့်မွေးမြူရေးလုပ်ငန်းရှင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)