၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲတွင် အောင်ပွဲရရှိသည့်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မန္တလေး ဇူလိုင် ၂၂

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်း ဒေသကြီး ဗိုဗီနမ်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားပြိုင်ကွင်းရှိ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ နေပြည်တော်မှ ပြန်လည်ရောက်ရှိလာကြသော အားကစားသမားများအား ဗထူးကွင်း၊ တိုင်းရုံရှေတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သိုင်း/ဗိုဗီနမ်အားကစားဆပ်ကာ်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေနှင့် အားကစားဆပ်ကော်မတီ အသီးသီးမှ အားကစားသမားများက ပန်းကုံးများ၊ အောင်သပြေ များဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။

ဆက်လက်၍ ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို တိုင်းရုံးအပေါ်ထပ်တွင် ကျင်းပရာ အောင်ပွဲရ မန္တလေးတိုင်းဒေသကြီး ဗိုဗီနမ်အသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းထံ အောင်ပွဲရ မန္တလေးတိုင်း ဒေသကြီး ဗိုဗီနမ်အသင်း၏ ဆုဖလားများ အပ်နှံပေးကြသည်။ ထို့နောက် ဝန်ကြီးက ဂုဏ်ပြုချီးကျူးစကားပြောကြာပြီး ဗိုဗီနမ်အသင်းအုပ်ချုပ်သူက ပြိုင်ပွဲ အတွေ့အကြုံများ ရှင်းလင်းတင်ပြကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သော မန္တလေးတိုင်း ဒေသကြီးအသင်းသည် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၂) ခု၊ ကြေးတံဆိပ် (၆)ခုဖြင့် အမျိုးသမီး တံခွန်စိုက် ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားကြီးကို ရရှိပြီး အမျိုးသားအကောင်းဆုံး အားကစားသမားဆုကို ကျော်ဇင်မောင် (အမရပူရမြို့နယ်)က ရရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း(အောင်မြသာစံ၊ပြန်/ဆက်)