မိုင်းဆတ် ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာ အထက်ကျောင်း(ခွဲ)၊ အလက (၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းကောင်စီ ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲက စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အထက(ခွဲ)လ-၁ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးရီက ကျောင်းကောင်စီ ဖွဲ့စည်း ရခြင်း ရည်ရွယ်ချက်(၄)ချက်နှင့် ကျောင်းကောင်စီအသင်း၏ အများအကျိုးဆောင် ကိုယ်ကျိုးအောင် ဆောင်ပုဒ်များအကြောင်းကို ရှင်းလင်းပြောကြားပေးပြီး အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလအသင်းစသည့် (၅)သင်းတို့မှ တာဝန်ခံဆရာမတို့၏ ဦးဆောင်မှုဖြင့် အသင်းလိုက် အလံနှင့် အသင်းအမည်ပါ စာတန်းကို ကိုင်ဆောင်၍ သတ်မှတ် နေရာများတို့၌ စနစ်တကျ စီတန်းကာနေရာယူကြကာ ကျောင်းကောင်စီ ရွေးချယ်ပွဲကျင်းပခဲ့သည်။
ထို့နောက် ကျောင်းကောင်းစီဥက္ကဋ္ဌ ဆရာမကြီးနှင့် အတူ ဆရာ၊ ဆရာမများ၊ အသင်း ခေါင်းဆောင် များနှင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်စီအဖွဲ့ ကတိသစ္စာကို ခံယူကြပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ဆရာမကြီး ဒေါ်အေးရီက ကျောင်းကောင်စီ အတွင်းရေးမှူး ကျောင်းသား မောင်သိန်းနန္ဒာအောင်အား နိုင်ငံတော်အလံပေးအပ်ကာ တွဲဖက်အတွင်းရေးမှူး ကျောင်းသားအား ပညာရေးအလံပေးအပ်၍ အသင်းခေါင်းဆောင်ဆရာ/ ဆရာမများက အသင်း ခေါင်းဆောင်များအား ကျောင်းကောင်စီအလံကို ပေးအပ်သည်။
ယင်းနောက် ကျောင်းကောင်စီဥက္ကဋ္ဌ ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးများတို့အား အလေးပြု၍ ကျောင်းကောင်စီသီချင်းနှင့် ကျောင်းကောင်စီ သစ္စာအဓိဋ္ဌာန် (၄)ချက်သီဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(မိုင်းဆတ်)