နွားထိုးကြီး၊ အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေအထိ မဲစာရင်းလာရောက်ကြည့်ရှုသူ မဲဆန္ဒရှင် (၆၅၃၀၀)ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နွားထိုးကြီးမြို့နယ်တွင်ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာ၌ မဲဆန္ဒရှင်ဦးရေ (၁၆၁၀၈၆) ဦးရှိပြီး မဲရုံပေါင်း (၂၂၀)ရုံရှိကြောင်းနှင့် မဲစာရင်းလာရောက်ကြည့်ရှုသူများမှ တောင်းဆိုလွှာပုံစံ (၃) ဖြင့် လျှောက်ထားသူ (၇၈၃) ဦး၊ ကန့်ကွက်လွှာ ပုံစံ (၄) ဖြင့် လျှောက်ထားသူ (၂၉၂) ဦးနှင့် ပြင်ဆင်လွှာပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူ (၄၃၈) ဦးရှိကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁၄ ရက်အထိ ကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူများ မဲစာရင်းသွားရောက်ကြည့်ရှုစစ်ဆေးကြရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အသံချဲ့စက် များဖြင့် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)