ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် “လူငယ်စကားဝိုင်း”ကျင်းပ

ဒဂုံမြောက်  ဇူလိုင်  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း‌ မေခခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်များ၊ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်ပညာများ ပြည့်စုံ၍ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက် စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်‌‌ကြောင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရုံးမှဦးစီးအရာရှိ ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမဒေါ်စန်းစန်းမြင့်တို့က ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့် စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် ပညာ၊ လူငယ်နှင့်စာရိတ္တ၊  လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နန်းစန္ဒာအောင်က ပြန်လည်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ချီးမြှင့်‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များ ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)