မြစ်ကြီးနား ဇူလိုင် ၂၁
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား- ဗန်းမော်သွားကားလမ်းပေါ်ရှိ နန်ဆန်ယန်ကျေးရွာမှ ခေတ္တတိမ်းရှောင်လာသော ပြည်သူများအား လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ကဇူးကျေးရွာရှိ တိမ်းရှောင်ပြည်သူများအား ဆန်နှင့်ရိက္ခာခြောက်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်၏ ကြီးကြပ်စီမံမှုဖြင့် မြို့မိ/ မြို့ဖများ ဖြစ်ကြသည့် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ(ဟောင်း) ဦးဖော်လားကမ်ဖန်၊ ဦးအလေးပါးနှင့် တာဝန်ရှိသူများက အဆိုပါ ကဇူးကျေးရွာအတွင်းရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော် (ဆမားဇုံနယ်)ရုံး၌ ခေတ္တတိမ်းရှောင်နေထိုင်လျက်ရှိသော ပြည်သူ(၅၄)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်အိတ်(၂၅)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၁၀)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါ နန်ဆန်ကျေးရွာမှ ခေတ္တတိမ်းရှောင်လာသော ပြည်သူများအား လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေး ခရစ်ယာန်အသင်းတော် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဝိုင်းမော်မြို့နယ်အတွင်း တိမ်းရှောင်လာသော အိမ်ထောင်စု (၁၇၃)စု၊ လူဦးရေ(၅၀၀)ကျော်တို့အား ဇူလိုင် ၃ ရက်နှင့် ၁၆ ရက်နေ့များတွင် ဆန်အိတ်၊ ခေါက်ဆွဲခြောက်နှင့် ကြက်ဥများကို လည်းကောင်း၊ ကျောင်းသားကလေးငယ်များအတွက် ကျောပိုးအိတ်၊ စာရေးကိရိယာ များနှင့် ပုံမှန် စာသင်ကြားခွင့်ရရှိရေး စီမံဆောင်ရွက်ပေးထားလျက်ရှိကြောင်းသိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)